မိုးကုတ်တွင် TNLA မှ PDF များကို ဖမ်းဆီးရမိဆိုသည့် သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့
ခမ်းသားငေါဝ်း/မြစ်ကြီးနားသတင်းဂျာနယ်/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
မန္တလေးတိုင်း၊ မိုးကုတ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မှ PDF များကို ဖမ်းဆီးရမိသည့် အကြောင်း ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေထားသည်ကို တွေ့ရပါသည်။
ဖြန့်ဝေထားသည့်အကြောင်းအရာမှာ “မိုးကုတ်မှာတော့ TNLA ကို ချောင်းမြောင်းလုပ်ကြံနေတဲ့ ကွန်ဒုံးတွေကို TNLA ဖမ်းဆီး” ကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေးသားဖြန့်ဝေထားပါသည်။ “ကွန်ဒုံး” အခေါ်ဝေါ်သည် စစ်ကောင်စီလော်ဘီများက ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို သုံးနူန်းပြောဆိုလေ့ရှိသည့် အခေါ်ဝေါ်တစ်ခုဖြစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ရည်ညွန်းပြောဆိုခြင်းဖြစ်ကြောင်း MFCN မှ ယူဆပါသည်။
ထိုအကြောင်းအရာကို စစ်ကောင်စီ တယ်လီဂရမ်ချန်နယ် ဖြစ်သည့် “မှိုင်းဝေ” အကောင့်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး မြန်မာ့အချက်အလက်စစ်ဆေးရေးအဖွဲ့မှ အချက်အလက်စစ်ဆေးနေချိန်၌ ကြည်ရှု့သူ (၁) သောင်းကျော်၊ ရီအက်ရှင် ပြုလုပ်သူ (၅) ရာကျော်ထိ ရှိနေပြီး ဖြစ်ပါသည်။
ဖြန့်ဝေသည့် လင့် – https://archive.ph/whFiM
၎င်းထိုဖြန့်ဝေထားသည့် အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် မြစ်ကြီးနားသတင်း ဂျာနယ်နှင့် ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့တို့မှ ပူးပေါင်းစိစစ်ကြည့်သည့်အခါ ဖြစ်စဉ်ကို အသုံးချကာ သတင်းအမှား ဖန်တီးခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
ထိုအကြောင်းအရာနှင့် ပတ်သက်၍ Search Google တွင် ဇွန်လ ၂၆ ရက်နေ့ပါ ရက်စွဲဖြင့် “မိုးကုတ်မြို့တွင် TNLA ဖမ်းဆီး” ဆိုသည့် အဓိကစကားလုံးကို အသုံးပြုကာ ရှာဖွေစစ်ဆေးရာတွင် TNLA ၏ သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်၊ တအောင်းဒေသတွင်း သတင်းဌာနဖြစ်သည့် “ရွှေဖီမြေ” သတင်းဖော်ပြချက်နှင့်အတူ DVB၊ People’s Spring စသည့် ယုံကြည်စိတ်ချရသည့် သတင်းဌာနတို့၏ ဖော်ပြချက်များကို စစ်ဆေးတွေ့ရှိရပါသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် ဇွန်လ (၂၆)ရက်နေ့ နံနက် (၂း၀၀)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေလယ်ကျွန်းအနီးတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ဓါးပြအဖွဲ့နေထိုင်သည့်နေအိမ်ကို လိုက်လံဖမ်းဆီးရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ဓားပြအဖွဲ့ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဖမ်းဆီးရမိခဲ့ကြောင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
TNLA သတင်းနှင့် ပြန်ကြားရေး လင့် – https://shorturl.at/HoY9o
ထိုဓားပြတိုက်သူ (၄) ဦးနှင့် TNLA ရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ဓားပြတိုက်သူသေဆုံးမှု ရှိခဲ့သလို TNLA ရဲတပ်ဖွဲ့တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းအရင်းမြစ်က ရွှေဖီမြေထံ ပြောဆိုထားပါသည်။ “ဖမ်းဆီးရမိတာက ၄ဦး အဲထဲ တစ်ဦးက ဖမ်းနေတဲ့ချိန်မှာ နှစ်ဖက် အပြန်လှန် ပစ်ခဲ့တာကြောင့် သေနတ်ထိပြီးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဘက်လည်း အဲဒီဓားပြတိုက်တဲ့အဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်လုပ်ဗုံးသီးကွဲပြီး အထိအခိုက်ရှိခဲ့တယ်”လို့ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရွှေဖီမြေ သတင်း အေဂျင်စီ မှ ဖော်ပြထားပါသည်။
ရွှေဖီမြေ သတင်း လင့် – https://shorturl.at/Tj79G
ထို့အတူ DVB သတင်းနှင့် People’s Spring သတင်းဌာနတို့မှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ဓားပြတွေကို လိုက်လံဖမ်းဆီးရာက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဓားပြ ၂ ယောက် အရှင် ဖမ်းမိကြောင်း ဖော်ပြထားပါသည်။ ပြည်သူလူထုရဲ့ တာဝန်သိ သတင်းပေးချက်အရ ကျမတို့ စောင့်ဆိုင်းပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဓားပြတွေဆီမှာလည်း သေနတ်တွေရှိတယ်၊ သူတို့ဘက်က အရင်စပစ်တာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့” ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ DVB ထံ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပြောဆိုထားပါသည်။
People’s Spring သတင်းလင့် – https://shorturl.at/hKaCI
DVB သတင်း လင့် – https://shorturl.at/UOhxd
သုံးသပ်ချက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေလယ်ကျွန်းအနီးတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဓားပြအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်မှာ သတင်းအမှန် ဖြစ်ပါသည်။
သို့သော် စစ်ကောင်စီ လော်ဘီတို့ ဝါဒဖြန့်ဝေထားသည့်အတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ကို ချောင်းမြောင်းလုပ်ကြံလို့ ဖမ်းဆီးခံနေရဆိုသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။
TNLA မှ ဖမ်းဆီးရမိသည့် ဓားပြအဖွဲ့ဖြစ်စဉ်သတင်းဓာတ်ပုံကို အသုံးပြုကာ PDF တပ်နှင့် TNLA အတို့အကြား ပစ်ခတ်မှု ဖြစ်သွားသည့် အသွင်ဖြင့် သတင်းအမှား ဖြန့်ဝေရေးသားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း#မြစ်ကြီးနားသတင်းဂျာနယ်#