ချင်းလူမျိုးတဦး ဒေါက်ဖိနပ်လျှောက်သံ သီချင်းဆက်တိုက်ဖွင့်ပြီး ဆူညံနေလို့ အမေရိကန်နိုင်ငံသားက ဓါးနဲ့ထိုးသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက်
(Fact Check) DNA/ MPA/ The Red Flag
အမေရိကန်ရောက်ရှိနေတဲ့ ချင်းလူမျိုးတဦးက ရပ်ကွက်အတွင်း ဒေါက်ဖိနပ်လျှောက်သံသီချင်း ဆက်တိုက် ဖွင့်နေလို့ ဆူညံမှုဒဏ် မခံနိုင်တဲ့ အမေရိကန်နိုင်ငံသားက ဓားနဲ့ထိုးပြီးသတ်လိုက်တယ်ဆိုတဲ့ ရေးသားမှု တွေ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာ တွေ့ရှိရပါတယ်။
စစ်ကောင်စီလော်ဘီ “မှိုင်းဝေ” တယ်လီဂရန်ချန်နယ်ကနေ ၂၀၂၅ ဇွန် ၉ ရက်မှာ“မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အမေရိကန်နိုင်မှာ ခိုကပ်နေနေတဲ့ချင်းနီပိန်းတစ်ကောင်က ရပ်ကွက်အတွင်း ဒေါက်ဖိနပ်လျှောက်သံသီချင်း ဆက်တိုက်ဖွင့်သည့်အတွက် ဆူညံမှုဒဏ်ကိုမခံနိုင်သည့် အမေရိကန်နိုင်ငံသားက အဆိုပါ ချင်းနီပိန်းကို ဓားနဲ့ ထိုးပြီးသတ်ဖြတ်။သတ်တဲ့သူသနားပါတယ်။ သူဘယ်လောက်နာညည်းနီးရှာမလဲ..?ဘာမှစောက်သုံးမကျတဲ့ ကောင်ကြောင့်ထောင်ကျရတော့မယ်။ နီပိန်းတွေရှိတဲ့နေရာမှာတစ်ခုမဟုတ်တစ်ခုအမြဲဖြစ်တယ်။ဒါကြောင့် လည်း ထရမ့် မြန်မာဆိုရင်ဗီဇာပါပိတ်ပစ်လိုက်တာ”(မူရင်းအတိုင်း)လို့ ရေးသားပြီး ဓါတ်ပုံ ၁၀ ပုံနဲ့အတူ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
မှိုင်းဝေ- https://archive.ph/WbYob
ဒီအကြောင်းအရာကို ၂၀၂၅ ဇွန် ၁၂ရက် မနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၄,၀၀၀ကျော်၊ React ပေးသူ ၇၇၀ ကျော်၊ မျှဝေသူ ၃၀ကျော် ရှိနေပါတယ်။
အခြားစစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ ကာနယ်ချစ်ကောင်း၊ စွမ်းအားရှင်၊ ကိုနှင်း မောင်တို့ကနေ ဒီအကြောင်းအရာနဲ့ဓါတ်ပုံတွေကို ထပ်မံမျှဝေရေးသားဖြန့်ဝေခဲ့လို့ ပိုမိုပျံ့နှံ့နေတာကို တွေ့ရ ပါတယ်။
ကာနယ်ချစ်ကောင်း- https://archive.ph/y5aSc
စွမ်းအားရှင်- https://archive.ph/tNDMP
ကိုနှင်းမောင်- https://archive.ph/Ylybi
အဲဒီသတင်းနဲ့ဓါတ်ပုံတွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency နဲ့ Myanmar Pressphoto Agency တို့က စစ်ဆေးကြည့်တဲ့အခါ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ Houston မြို့က Synco ဓါတ်ဆီဆိုင်မှာ သိကျွမ်းဘူးခြင်းမရှိဘဲ ဘီယာပုလင်းကျကွဲတဲ့ကိစ္စကို အထင်မှား ပြီး အချက် ၂၀ ခန့် ထိုးကြိတ်ခံရလို့သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒေါက်ဖိနပ်လျှောက်သံသီချင်းဆက် တိုက်ဖွင့်လို့ ဓါးနဲ့ထိုးသတ်ခံရတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထား တဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
အမေရိကန်သတင်းဌာနတွေက “ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်းလာတဲ့ ၃၉ နှစ်ခန့်ရှိ ရဲမြင့်အောင်ကို Houston မြို့၊ Synco ဓာတ်ဆီဆိုင်မှာ မေ ၂၃ ရက်က ဘီယာပုလင်းပြုတ်ကျတဲ့ကိစ္စကို မှားယွင်းအထင်လွဲ ကာ အသက် ၁၇ နှစ်ရှိ Lansselo Martine က အကြိမ် ၂၀ ခန့်ထိုးကြိတ်ရိုက်နှက်ခဲ့လို့ ဒဏ်ရာရရှိတဲ့အ တွက် ဆေးရုံကိုပို့ဆောင်ခဲ့ပြီး မေ ၂၅ ရက်မှာသေဆုံးခဲ့လို့ Martinez ကို ဖမ်းဆီးကာ လူသတ်မှုနဲ့စွဲချက် တင်စစ်ဆေးနေတယ်”လို့ Hoodline Houston, Fox 26 Houston, ABC13 News တို့ကရေးသားထား တာကို တွေ့ရပါတယ်။
Hoodline Houston- https://archive.ph/2mD23
Fox 26 Houston- https://archive.ph/MwH8P
“မေ ၂၃ ရက်မှာ ဟူစတန်မြို့က Synco ဓာတ်ဆီဆိုင်မှာ အသက် ၁၇ နှစ်အရွယ်အမေရိကန်နိုင်ငံသား Lansselo Martinez က သူ့ကို ဘီယာပုလင်းနဲ့ပစ်ပေါက်ခံရတယ်လို့ ထင်ပြီး ဓါတ်ဆီဆိုင်အတွင်းက လူ တွေကိုတိုက်ခိုက်ခဲ့စဉ် ရဲမြင့်အောင်ကို အချက် ၂၀ ခန့်ထိုးကြိတ်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ မေ ၂၅ ရက်မှာ ဆေးရုံမှာ သေဆုံးသွားလို့ Martinez ကို လူသတ်မှုနဲ့တရားစွဲဆိုနေတယ်” လို့ Yahoo News, The Independent တို့က ရေးသားထားတာကို တွေ့ရပါတယ်။
The Independent- https://archive.ph/sumIJ
ဒါအပြင် “အမေရိကန်ပြည်ထောင်စု၊ ဟူစတန်မြို့ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာကနေ ပြောင်းရွှေ့နေထိုင်တဲ့ မြန်မာလူမျိုး ကိုရဲမြင့်အောင်ကို အမေရိကန်နိုင်ငံသား Lansselo Martinez ၁၇ နှစ် က သူ့ကားစက်ဖုံးပေါ်ကို ကိုရဲမြင့်အောင်က ဘီယာပုလင်းတင်ခဲ့တယ်လို့ မှားယွင်းထင်မြင်ပြီး ထိုးကြိတ် ရိုက်နှက်ခဲ့လို့ သေဆုံးသွားခဲ့တဲ့အတွက် အမှုဖွင့်စစ်ဆေးနေတယ်”လို့ BBC, Zalen နဲ့ Chinland News Agency တို့က ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
☑️သုံးသပ်ချက်
နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတွေ၊ ချင်းပြည်နယ်ဒေသတွင်းမီဒီယာတွေမှာ ချင်းလူမျိုး ကိုရဲမြင့်အောင်ဟာ အမေရိကန်မှာ ဒေါက်ဖိနပ်လျှောက်သံ သီချင်းကို ဆက်တိုက်ဖွင့်နေလို့ ဆူညံမှုကို မခံနိုင်တဲ့ အမေရိကန်က ဓါးနဲ့ထိုးသတ်လို့ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားတာကို မတွေ့ရှိပါဘူး။
သတင်းမှားရေးသားဖြန့်ဝေခဲ့တဲ့ ဓါတ်ပုံတွေဟာလည်း နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားတဲ့ပုံတွေနဲ့ Chin Baptist Church of Houston ကနေ ဇွန် ၁ ရက်က “In Remembrance of Ye Myint Aung”လို့ ရေးသားပို့စ်တင်ထားတဲ့ ကိုရဲမြင့်အောင်ရဲ့ နာရေးပြုလုပ်စဉ်ဓါတ်ပုံတွေထဲက အချို့ကို အသုံးပြုထားတာကို တွေ့ရပါတယ်။
Chin Baptist Church of Houston- https://archive.ph/Ts84D / https://archive.ph/4MaVx
ဒါကြောင့် အမေရိကန်မှာ ခိုကပ်နေနေတဲ့ ချင်းလူမျိုးတဦးက ရပ်ကွက်အတွင်း ဒေါက်ဖိနပ်လျှောက်သံ သီချင်းဆက်တိုက်ဖွင့်နေလို့ ဆူညံမှုဒဏ်ကိုမခံနိုင်တဲ့ အမေရိကန်နိုင်ငံသားက ဓားနဲ့ထိုးပြီးသတ်လိုက်တယ် လို့ရေးသားမှုဟာ လုပ်ကြံဖန်တီးပြီး သေဆုံးသူရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းမရှိဘဲ လိမ်လည်ရေးသားထား တဲ့ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။